ခလောက်နီကျေးရွာတွင်ဖြစ်သည်။
ခလောက်နီရွာသား
မောင်ကျော်ကြားမှာ အလွန်အကြွားထူသူဖြစ်၏။ သူ့တွင် စက်ဘီးရှိလျှင်
ဆိုင်ကယ်ဖြစ်အောင် ပြောသည်။ သူ့တွင် ထော်လာဂျီရှိလျှင် ပါဂျဲရိုးဖြစ်အောင်
ပြောနိုင်သူဖြစ်သည်။
ယုတ်စွအဆုံး သူ့မိန်းမ ဂွတိုမကိုပင် နတ်သမီးတမျှ လှပသယောင်
ပြောနိုင်စွမ်းရှိသည်။
သူသည် မြို့ကြီးသို့ အရောက်အပေါက်လည်းများသူမို့ ဘယ်နေရာတွင် ဘာရပြီး
ဘယ်နေရာတွင် ဘာပစ္စည်း များ ပေါချောင်ကောင်း ရနိုင်သည်ကို သိသည်။.
ယခုလည်း မြို့သို့ရောက်ခိုက် ကျွန်တော့်ကိုခေါ်ပြီး သူတို့အိမ်တွင်
အသုံးလိုသော ဒီဗီဒီနှင့်ဆောင်းဘောက်(စ်) လိုချင်ကြောင်း ပြော၍ အဖော်အဖြစ်
လိုက်ပေးခဲ့ရခြင်း ဖြစ်၏။
သူနှင့်ကျွန်တော် ပလာဇာအနှံ့
လိုက်လံကြည့်ရှုပြီးသောအခါ ဈေးသင့်၍ ပစ္စည်းစုံမည်ထင်သော ဆိုင်တစ်ဆိုင်ကို
ရွေးဝင် လိုက်သည်။.
“ဒါကတော့ ဂျပန်စက်ပေါ့၊
အသံထွက်ကောင်းတယ်..အကြမ်းလည်းခံတယ်..စပီကာက အစ တုန်ခါမှုမရှိတော့ အသံထွက်
ကြည်တယ်..လူကြိုက်များတယ်”
သေးသွယ်သော ဒီဗီဒီစက်နှင့်
ဆောင်းဘောက်(စ်)ကို ဈေးသည်က ထုတ်ပြ၏။ ပုံစံလေးက မဆိုးလှပါ။ သေးငယ်သော်လည်း
ကျစ်ကျစ်လစ်လစ်နှင့်မို့ မာရေကို မြင်နေရသည်။
“ဈေးနှုန်းကကော”
ကျွန်တော့်အမေးကို ဈေးသည်က..
“သုံးသောင်းခွဲပါခင်ဗျ..တစ်နှစ်အာမခံပါတယ်..တစ်နှစ်အတွင်း သဘာဝအတိုင်း
ပျက်စီးခဲ့ရင် ဒီကနေ အသစ်တစ်လုံး ပြန်လဲပေးပါတယ်” အာမခံကတ်လည်းပါ၍
ကျွန်တော်လွန်စွာ သဘောကျသွားသည်။ ရေရှည်သုံးလျှင် အသုံးခံမည့် စက်ကိုး။
ဒါကို မောင်ကျော်ကြားက သိပ်မကြိုက်။ နောက်တစ်လုံးပြခိုင်း၏။
“ဒါက ကိုရီးယားစက်ပါ..သူလည်း လူသုံးများပြီး အကြမ်းခံပါတယ်”
စက်က ကိုရီးယားနာမည်ကြီး တံဆိပ်တစ်ခုပါ။ ဂျပန်စက်ထက် အနည်းငယ်ပိုကြီးပြီး
အရောင်အသွေးပိုစုံနေတာ တွေ့ရသည်။ သို့သော် ကြည့်ရတာက ဂျပန်စက်လောက်
အားမရှိ။ အနည်းငယ်ပိုကြီးပြီး “ဖွယ်” နေသယောင် ထင်ရသည်။
“ဈေးနှုန်းကကော”
“သုံးသောင်းပါခင်ဗျ..ခြောက်လ အာမခံပါတယ်၊ ခြောက်လအတွင်း
ပျက်စီးမှုဖြစ်ခဲ့ရင် အသစ်ပြန်လဲပေးပါတယ်”
သူ့ဈေးနှင့်သူ့ပစ္စည်း မဆိုးဘူးဟုပင် သတ်မှတ်ရပေမည်။ ဥပမာ
တစ်နှစ်သုံးရစေဦး။ ဒီစက်အတွက် တစ်နေ့ တစ်ဆယ်ပင်မကျ။ သုံးမယ်ဆို
သုံးပျော်သောအဆင့်။
ဒါကို မောင်ကျော်ကြားက မကြိုက်သေး။
“စက်တွေရှိရင် ထပ်ပြပါဦး” ဟု စောဒကတက်၏။
နောက်ဆုံးတွင် ဈေးသည်က ပုံးကြီးတစ်ပုံး မလာ၏။ ပုံးကြီးကို
ဖွင့်ချလိုက်သောအခါ အရောင်အသွေး ပြိုးပြိုး ပြက်ပြက်နှင့် ထင်သည်ထက်
ကြီးမားနေသော စက်တစ်လုံးထွက်လာ၏။
“ဒါကတော့
တရုတ်စက်ပါ..အာမခံကတ်တော့ မပါဘူး၊ ဒါပေမယ့် အိမ်မှာထားမယ်ဆိုရင်တော့
ခန့်ခန့်ထည်ထည်နဲ့ ကြည့်လို့ ပနံရပါတယ် ..တချို့လည်း သုံးကြပါတယ်”
ထိုစက်ကြီးမြင်ရမှ အကြွားထူ မောင်ကျော်ကြား အားရသွား၏။
“ကဲ ဒါကြီး ဖွင့်ပြပါဦး” ဟု ဆို၍ ဖွင့်ပြခိုင်း၏။
ဖွင့်လိုက်သောအခါ ရောင်စုံမီး ပြိုးပြိုးပျက်ပျက်နှင့် အလှူအိမ်ထက်
ရောက်သွားသလို ပေါ်လာသည်။ ကြီးမားသော ဆောင်းဘောက်(စ်)ကြီး မှ
တအုန်းအုန်းနှင့် တုန်ခါလောက်အောင် ထုနေတော့သည်။
ရွာသားမောင်ကျော်ကြား အားရပြီး..
“ဈေးနှုန်းက ဘယ်လောက်လဲ”
“နှစ်သောင်းတည်းပါ..ဈေးသင့်ပါတယ်”
ဘာဖြစ်ဖြစ် ရွာမှာ ပြန်ကြွားရ ပြီးရော ဆိုသော မောင်ကျော်ကြား ထိုစက်ကို
ဝယ်ယူ၍ ငွေချေသည်။. ထိုတော့မှ စက်ကို အသေအချာကြည့်၍ သတိထားမိသည်။
“ဟေ့ကောင် မင်းစက်က ဘာတံဆိပ်မှလည်း မပါပါ့လား၊ အရှင်းကြီးနော်”
ကျွန်တော့်အမေးကို ဈေးသည်က
“ဟုတ်ပါတယ်ခင်ဗျ.. တရုတ်စက်တွေက ဒီအတိုင်းလာတာပါ၊ အဲ.. ဒါပေမယ့်
ကျွန်တော်တို့ဆိုင်မှာ ကုန်ပစ္စည်း တံဆိပ်ချည်းပဲ သီးသန့်ရှိပါတယ် ခင်ဗျ၊
ဒီစက်တွေရဲ့ အားသာချက်က ပိုင်အိုးနီးယား တံဆိပ်ကပ်လိုက်ရင် ဒီစက်က
ပိုင်အိုးနီးယား ဖြစ်သွားပြီး ဆပ်ဆောင်းတံဆိပ်ကပ်လိုက်ရင် ဆပ်ဆောင်း
ဖြစ်သွားပါတော့တယ်”
ဈေးသည်၏ ရှင်းပြစကားကို မောင်ကျော်ကြား ၀မ်းသာသွားသည်။
“ဟန်ကျလိုက်လေဗျာ၊ ကျုပ်တို့ခလောက်နီ ရွာသားတွေက
ဒီစက်နဲ့တထပ်တည်းဗျ၊ တထေရာတည်းပဲ”
သူ့စကားကြောင့် မျက်မှောင်ကြုတ်မိ၏။
“ဘာလို့လည်းကွ”
ကျွန်တော့်အမေးကို မောင်ကျော်ကြား..
“ဆရာပဲ စဉ်းစားကြည့်လေ၊ သူတို့စိတ်ထဲမှာ ဟောဒီ ဆောင်းဘောက်စ် ကြီးလို
သူတို့ ခန္ဓာကိုယ်မှာ ဘာတံဆိပ်မှ မရှိဘူး။ ဒါကြောင့် ဆိုနီတံဆိပ်ကပ်လိုက်၊
သူတို့ဆိုနီဖြစ်သွားရော၊ အဲ.. ဆိုနီ အခြေအနေ မကောင်းလို့ အဲလ်ပဲလ် တံဆိပ်
ပြောင်းကပ်လိုက်၊ သူတို့ အဲလ်ပဲလ် ဘက်က အဆင်သင့်ပဲဗျ။ ဒါကြောင့်
ကျုပ်တို့ခလောက်နီရွာသားများကို ဟောဒီစက်နဲ့ တူတယ်လို့ ပြောတာ”
သူပြောတော့လည်း နားထဲ ရှင်းသလို၊ မရှင်းသလို။
“ဘာတံဆိပ်မှ မရှိတဲ့လူတွေ၊ ဆိုနီတံဆိပ်ကပ်ရင် ဆိုနီဖြစ်နေတဲ့လူတွေ၊
ဆိုနီအခြေအနေမကောင်းလို့ အဲလ်ပဲလ် တံဆိပ် ကပ်ရင် အဲလ်ပဲလ် ဖြစ်ရတဲ့
လူ့ပန်းသီးတွေ”
နောက်တစ်နေ့တွင် ရွာပြန်သွားသော မောင်ကျော်ကြား ဖုန်းဆက်လာသည်။
“ဆရာ.. တရုတ်စက်ဆိုတဲ့အတိုင်း တစ်ရက်တည်းနဲ့ စုတ်သွားပြီ”
အကြည်တော်