မိုးတွေက တစ်ပေါက်နှစ်ပေါက်
အိမ်ခြေတွေ ဆိုးသလောက်
အမိုးတွေ ဆိုးထောက်တယ်
တကယ် …
မကြံရွယ်ဘဲ ယိုင်လဲတဲ့နေ့
အမေ့ငိုသံ တိုးတိုးတိတ်
ပုတ်အဲ့လိမ့် သမီးမျက်နှာ
စွန့်ခွာနေရှာတော့
နံရိုးကပ် အင်္ကျီလေးနဲ့ အဖေ
ချွေးရည်ရွှန်းတဲ့ မျက်ဝန်းတွေ
မျက်ရည်တွေ ရောလို့ သုတ်လို့
တစ်ခုတည်းသော ပိုးစားစောင်ပါးလေး
ချစ်သမီးကို ထည့်လို့ပေးခဲ့
ဝမ်းမီးထက် သောကမီး ခက်လျက်
အဖေ့ခြေသံယိုင်နဲ့နဲ့ကြား
ခေါ်သံတစ်ခု ကြားမိတယ်
သား … ပေါက်ပြားယူခဲ့ပါကွာ တဲ့
ကျွန်တော့်အမြင်တွေေ၀၀ါးစွာနဲ့
ဆို့နင့်နေခဲ့စိတ်တွေ
လက်တွေ ပေါက်ပြားပေါ်အရောက်
တစ်ခေါက်လောက်တော့ လှည့်ကြည့်မိတယ်ထင်ပါ့
သေချာတာက
ကူသူမရှိဘူး ကယ်သူမရှိဘူး
ကျော်သူလည်း မရှိခဲ့ပါဘူး
ကျွန်တော်ကိုယ်တိုင်တူးပြီး
မြေချရမယ့် ဈာပနက
စကားတောင် မပြောတတ်သေးတဲ့
ကျွန်တော့်ညီမလေး အသုဘပါ
ခမြာမှာ အေးရှာရော့မယ်
ခမြာမှာ လေးရှာတော့မယ်
အမေ့ရဲ့ ကျူးရင့်လိုက်တဲ့ငိုသံတွေ
တ၀ုန်းဝုန်း လှိုင်းပုတ်သံတွေနဲ့
တဝေါဝေါ မိုးရေတွေကြား
အဖေ့ရှိုက်သံ ခပ်ပါးပါး
ကြားဖြစ်အောင် ကြားလိုက်ရ
တခဏမှာ
မေ့မြောရှာနေတဲ့ အမေ့ကိုပွေ့လို့
သားငယ်ကိုထွေးလို့
တဲအိုဘုံနန်းလေးဆီ ခြေလှမ်းနေရှာ
နေတရီရီမှာ
ခြေရာတွေ လွင့်ရှာရော့မယ်
စိုးရွံ့တဲ့စိတ်တွေရယ်
အမယ်အိုရဲ့ ပရိဒေဝ
ပဋာစာရီ အရူးမလို
ရင်ရာသီတွေ မူးလှတဲ့ အမေ
ဝါးကွက်ကြား အိပ်ယာပြားလေးမှာ
ခွေခွေလေးအိပ်လို့ရှာနေ
မှိုင်းတက်နေတဲ့ ဒန်အိုးပိန်လေးရဲ့ ရိက္ခာ
ငစိန်ဆန်တစ်ဆုပ်စာလောက်
ကျိုချက်ပြီး ပြုတ်လို့သောက်ပေါ့
ဘ၀ရယ်
အဖေနဲ့ ကျွန်တော် ကျွန်တော်နဲ့ အဖေ
မီးစာကုန်နေတဲ့ ခွက်ကို ထိုင်လို့ကြည့်လို့
အရောင်တွေမှိန်နေတဲ့ ဒီအိမ်လေးရဲ့ရှေ့မှာ
လှိုင်းအိုတွေ ငိုနေရှာ
ဆင်းရဲခြင်းရုပ်တရားနဲ့ ဆင်းရဲခြင်းနာမ်တရား
လွန်းထိုးနေတဲ့ကြားမှာ
ဘာဥပဒေပြဌာန်းချက်မှမရှိ
အလိုက်တသိနဲ့ ကွန်ကိုဖြန့်မိတော့
ကြယ်အစုံကလက် .. အို .. လက်လို့
ပိန်ကပ်ကပ် သားသည်အဖေ
မုတ်သုန်လေကို ရှူလို့ရှိုက်
အားစိုက်လိုက်ပုံများ
အိမ်သူအတွက် ရတက်မအေးစွာ
စွန့်ခွာရှာခဲ့တဲ့ သမီးရဲ့စိတ်
သားငယ်ကို ကြည့်လိမ့်ပြီး
အရိုးမဲ့ သံချေးတက်ဓားမတစ်လက်
လှော်တက်နဲ့ ကွန်ကိုသပ်လို့
ဝမ်းမီးမို့ ကမ်းကိုခွာ
လှိုင်းလေမှာ
လူးလွန်လို့ နေမြဲနေဆဲနဲ့
သားရဲ့စိတ်တွေက
ကမ်းတက်မယ့် အဖေ့ရဲ့အရိပ်တွေ
စောင့်လို့ကြိုနေမိတယ် အဖေ ။ ။
၁၄.၆.၂၀၁၂
မိုးဆက်
( ၁၇.၆.၂၀၁၂ အဖေနေ့ကို ဂုဏ်ပြုလျက် )
No comments:
Post a Comment
မှတ်ချက်တစ်ခုဟာ အရာရာကို အားဖြစ်စေနိုင်ပါတယ်
ဒါ့ကြောင့် မှတ်ချက်လေး ချန်ထားခဲ့ပေးကြပါလို့